Wednesday, February 28, 2018

ကိုယ့်ကိုယ်ကို ကူညီပြီးသား ဖြစ်အောင် သူများကို အရင် ကူညီထားလိုက်ပါ




စတမ်းဖို့ဒ် တက္ကသိုလ် တက်နေတဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ယောက်ဟာ ကျောင်းလခ ပေးဖို့ အရမ်းကို အခက်တွေ့နေတယ်။ နောက်ပြီး သူဟာ မိဘမဲ့ ခလေးတစ်ယောက်ဆိုတော့ ဘယ်က ငွေရှာရမှန်းမသိဘူး ဖြစ်နေတာပေါ့...။ နောက်ဆုံး သူ့သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်တော့ အကြံတစ်ခုရတယ်။ အဲဒါက ဂီတပွဲ တစ်ခုလုပ်ပြီး ငွေရှာမယ်ဆိုပြီးတော့လေ။ 

အဲဒီအချိန်မှာ ကမ္ဘာကျော် ဂီတပညာရှင်ဖြစ်တဲ့ ဂျေ ပါဒါရော့စကီး ကိုငှားဖို့ စီစဉ်တယ်။ ပါဒါရော့စကီးရဲ့ မန်နေဂျာက ဒေါ်လာ ၂၀၀၀ ဖျော်ဖြေခ ပေးဖို့ သဘောတူပြီး ဂီတပွဲ လုပ်ဖြစ်တယ်။ တကယ်စီစဉ်ပြီး လက်မှတ်ရောင်းတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ လက်မှတ်ရောင်းရငွေ ဒေါ်လာ ၁၆၀၀ ပဲရတယ်။

အဲဒါနဲ့ ဖြစ်သမျှအကြောင်းကို ဂီတပညာရှင် ပါဒါရော့စကီး ကိုရှင်းပြတယ်။ အခုရတဲ့ ဒေါ်လာ ၁၆၀၀ ကို အရင်ပေးထားမယ်။ နောက်လိုတဲ့ ၄၀၀ ကို ချက်လက်မှတ်နဲ့ ပေးထားပြီး ငွေရတာနဲ့ လာရှင်းပေးမယ်ဆိုပြီး တောင်းပန်တယ်။ ပါဒါရော့စကီးရဲ့  တုန့်ပြန်မှုကြောင့် ကျောင်းသား လူငယ် ၂ ဦးဟာ အံသြသွားရတယ်။ ပါဒါရော့စကီးဟာ ဂီတပွဲအတွက် ကုန်ကျငွေရယ် ကျောင်းစရိတ်ရယ် နုတ်ခိုင်းပြီး ကျန်တဲ့ငွေသာ သူ့ပေးပါဆိုပြီး ပြောခဲ့တယ်။

လူငယ် ၂ ဦးလည်း အံသြပြီး ကျေးဇူးလည်း အရမ်းတင်သွားတာပေါ့။
အဲလိုနဲ့ နှစ်အနည်းငယ်ကြာတော့ ပါဒါရော့စကီးဟာ ပိုလန်နိုင်ငံ ရဲ့  ဝန်ကြီးချုပ် ဖြစ်လာတယ်။ သိပ်မကြာတဲ့ အချိန်မှာပဲ ကမ္ဘာ စစ်ဖြစ်လာတဲ့အတွက် ပိုလန်ဟာ စစ်မြေပြင် ဖြစ်ခဲ့ရပြီး ဖျက်စီးခံခဲ့ရတယ်။ 

ပိုလန်လူမျိုး ၁ သန်းခွဲကျော်ဟာ အစာရေစာ ပြတ်လတ်ပြီး ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံခဲ့ရတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ဖြစ်တဲ့ ပါဒါရော့စကီးဟာ အမေရိကန် နိုင်ငံရဲ့  စားနပ်ရိက္ခာ ထောက်ပံရေး အဖွဲ့ (US food and relief administration) ဆီကို အကူအညီလှမ်းတောင်း ခဲ့ရတယ်။ 

အဲဒီ အဖွဲ့မှာ ခေါင်းဆောင် လုပ်နေတဲ့ ဟားဘတ် ဟူဘာက အကူအညီ ချက်ခြင်းပေးပြီး တန်ချိန် များစွားသော အစားအသောက်တွေကို သဘောင်္နဲ့ ပိုလန်နိုင်ငံသားတွေ အတွက် ပို့ပေးခဲ့တယ်။ အဲဒီ အဖွဲ့ခေါင်းဆောင် ဟာဘတ်ဟူဘာ ဟာနောက်တစ်ချိန်မှာ အမေရိကန် သမ္မတ ဖြစ်လာခဲ့တဲ့သူပေါ့။ 

စစ်ပွဲတွေပြီး အခြေအနေတွေ ငြိမ်းချမ်းသွားတော့ ပိုလန်ဝန်ကြီးချုပ် ပါဒါရော့စကီးဟာ ဟားဘတ် ဟူဘာကို သွားရောက်တွေဆုံပြီး စားနပ်ရိက္ခာ အကူအညီတွေ အတွက် ကျေးဇူးတင်စကား ပြောတာပေါ့။ ဟူဘာကလည်း ရပါတယ် ဝန်ကြီးချုပ်ကိစ္စ မရှိပါဘူး ကျေးဇူးတင်ရင်း တင်ရင် ကျနော်က တင်ရမှာပါ။ 

ဝန်ကြီးချုပ် မှတ်မိချင်မှ မှတ်မိလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အကြာတုန်းက စတမ်းဖိုဒ့် တက္ကသိုလ်မှာ ကျောင်းလခ အခက်အခဲ ဖြစ်နေတဲ့ ကျောင်းသား ၂ ယောက်ကို ဝန်ကြီးချုပ်ဟာ ဂီတ ပညာရှင်အဖြစ် ကူညီခဲ့ဖူးတယ်။ အဲဒီ ထဲက ကျောင်းသား တစ်ယောက်ဟာ ကျနော် ကိုယ်တိုင်ပါပဲတဲ့..။
ဇာတ်လမ်းလေးက ဒီမှာပဲရပ်ထားပါတယ်။ 

လူတော်တော်များများ အရင်ဆုံးစဉ်းစားကြတာက သူ့ကိုငါကူညီလိုက်ရင် နောက်တချိန် ငါဘာပြန်ရမလဲ ဆိုတာကိုပါ။ အကိျုးအမြတ်မရှိရင် ကူညီဖို့ လက်တွန့် တတ်ကြပါတယ်။
ဟားဘတ်ဟူဘာ နဲ့ ပါဒါရော့စကီးတို့ နှစ်ယောက်ရဲ့  အဖြစ်အပျက်က ရတဲ့ သင်ခန်းစာလေးက
ကိုယ့်ကိုယ်ကို ကူညီပြီးသား ဖြစ်အောင် သူများကို အရင် ကူညီထားလိုက်ပါတဲ့.။

Herbert Hoover and Paderewski True Story ကိုဆီလျှော်အောင် ပြန်ဆိုပါသည်။






No comments:

Post a Comment